၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ
ဂီရီမုန်တိုင်း အပြီး ကျောက်ဖြူမြို့နယ်တွင် လဲပြိုပြားဝပ်သည့် ကျောင်း (၄)ကျောင်း
အနက် သွားလာရေးလွယ်ကူသည့် (၁) အမက- ကန္ဒီး၊
(၂) အမက- ကပ်သပြေ နှင့် (၃) အမက- ဇိတ်ပြိန်တောင် ကျောင်းများကို စက်မှု(၂)
ဝန်ကြီးက Steel Structure ဖြင့် ဆောက်လုပ် လှူဒါန်းမည်ဖြစ်သဖြင့် ၀န်ကြီး ကိုယ်တိုင်
သွားရောက်ခဲ့ရာ၌ အမက- ဇိတ်ပြိန်တောင် သို့ ကားလမ်းမှ တစ်မိုင်ခန့် ခြေလျှင် လျှောက်ရပါသည်။
အမည် ဇိတ်ပြိန်တောင် ကိုပြောရာတွင် ရခိုင်သံ
“ရ” သံပီပီသသ ပြောသည့်အသံကို ဗမာအသံဖြင့် ပြော၍ မရ၊ နားမလည်သည့် အတွက် “ ပြိန်” နှင့်
“ ပြင် ” အကြောင်းကို လမ်းလျှောက်ရင်း
ရှင်းပြခဲ့ရဖူးပါသည်။
“ပြင်” မလောက်တော့
“ပြိန်” မှစ၍ “ပြိန်” ဆိုသည်မှာ ပြင်ဟု မခေါ်လောက်သည့် ပြင်(ကွင်းပြင်) အငယ်ကို ခေါ်ကြောင်း၊ ရွာအမည်များကို
တည်ရှိသည့် နေရာကို အစွဲပြု၍ အမည်ပေးထားသည်များ ရှိပါကြောင်း၊ ရမ်းဗြဲမြို့နယ်တွင်
ပုန်းဆိုးပြင်ကျေးရွာနှင့် ပုန်းဆိုးပြိန်ကျေးရွာဟု ရှိရာ တည်နေရာများအရ ပုန်းဆိုးပြင်ကျေးရွာသည်
ကွင်းပြင်အကျယ်နှင့် ဆက်စပ်တည်ရှိပါကြောင်း၊ ပုန်းဆိုးပြိန် ကျေးရွာသည် တောင်နှင့်
ချောင်းအကြား ကွင်းပြင်ကျဉ်းကျဉ်းနှင့် ဆက်စပ်တည်ရှိပါကြောင်း၊ ထိုမှ ဆက်စပ်၍ “ချောင်း” မလောက်တော့ “ချွိန်”၊ “တောင်” မလောက်တော့
“တွိန်”၊ “ကျွန်း” မလောက်တော့ “ကျွိန်” ခေါ်သည့် ဝေါဟာရများရှိပါကြောင်း ရှင်းပြခဲ့ဖူးပါသည်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲ-
ကျောက်ဖြူ ဒေသတွင် သုံးလျှက်ရှိနေသေးသည့် ပြိန်
နှင့် ပြင် စသည့် အသုံးသည် အခြားဒေသများတွင် သုံးသည်ကို မတွေ့ရချေ။
ရခိုင်ပြည်နယ် အခြားဒေသများအတွက် ပေါရာဏ ဖြစ်သွားပြီး ဝေါဟာရ မဟုတ်တော့၍လော (သို့မဟုတ်)
မူလကပင် အခြားဒေသ တွင်မရှိသည့် ရမ္မာဝတီ ဒေသအသုံးတစ်ခုသာ ဖြစ်နေ၍လား ။ ရခိုင် မြောက်ပိုင်း၊
တောင်ပိုင်း မြို့နယ်တိုင်းတွင် ပြင် ပါသည့် ရွာအမည်များတွေ့ရသော်လည်း
ပြိန်
ပါသည့် ရွာအမည်များ မတွေ့မိချေ။ အမည်တွင် ပြိန် ပါသည့်ရွာတိုင်း၏ တည်နေရာသည် ကွင်းကျဉ်းကျဉ်းနှင့်
ဆက်စပ်နေကြောင်းတွေ့ရပါသည်။ ပြိန် အဓိပ္ပါယ်ကို
မသိသူ အချို့ကမူ ပြင် ဟု ပြောင်းရေးနေကြသည်ကို တွေ့လာရသည်။
ပြိန် အမည်ပါသည့်
ရွာ အချို့အမည်များမှာ- (ရမ်းဗြဲမြို့နယ်)
ခမောင်းပြိန်၊ ထန်းပြိန်၊ သလူပြိန်၊ ပုန်းဆိုးပြိန်၊ ကျောင်းပြိန်၊ သဲတောပြိန်၊ သိန်ပြိန်၊
ဗျောပြိန်၊ အောင်လေပြိန်၊ ကညင်ပြိန် နှင့် (ကျောက်ဖြူမြို့နယ်) ကျွန်းပြိန်၊ ညောင်ပြိန်၊
ဟင်းခရော်ပြိန်၊ ကျောက်တောင်ပြိန်၊ ဆနွင်းနံပြိန်
တို့ဖြစ်ကြသည်။
ချောင်း
မလောက်တော့ ချွိန် ၊ ချောင်းဟု မခေါ်လောက်သည့် ချောင်းငယ်ကို
ချွိန် ဟုခေါ်ကြပါသည်။ “ချွိန်” နှင့် ပတ်သက်၍မူ ငယ်စဉ်က ခရုကောက်ခဲ့ဖူးသော ချွိန် ကို အမှတ်ရနေဆဲ။ လယ်ကွင်းထဲတွင် အဆုံးသတ်သည့်၊
မိုးစဲလျှင် ရေစဲသည့် တောင်ကျချောင်းငယ်များနှင့် ပြားတော ထဲတွင် ငါးရှာ၊ ဂဏန်းနှိုက်
ရန်သွားခဲ့ဖူးသည့် ချွိန် များကို အမှတ်ရနေဆဲပင်။
ချွိန် အမည်ကို အစွဲပြု၍ မှည့်ခေါ်ထားသည့် ရွာအမည်များက သက်သေထူနေဆဲပင်။ ချွိန် ကို မသိသောသူတို့နှင့် မခေါ်တတ်တော့သူတို့က “ချိန်” ဟု
ဝ ဆွဲ ဖြုတ်ပြီး ရေးလာကြသည်ကို တွေ့ရတော့ ၀မ်းနည်းစရာပင်။ မသိသူ များလာလျှင်
ကွယ်ပျောက်သွားမှာ စိုးရိမ်စရာ။
ချွိန် အမည်ပါသည့် ရွာအမည် အချို့ကို လေ့လာကြည့်ပါ။ (ရမ်းဗြဲမြို့နယ်) မရွတ်ချွိန်၊ လောင်းချွိန်၊ သပြုချွိန်၊ ၀ါးနက်ချွိန်၊ ထောင့်ချွိန်၊ ရေကောင်းချွိန် နှင့် (ကျောက်ဖြူမြို့နယ်) ပြူးချွိန်၊ ၀ါးနက်ချွိန်၊ ငပုချွိန်၊ သဲချွိန်၊ ကျောက်ချွိန်၊ ကင်းလောင်းချွိန်၊ အလံချွိန်၊ ဂုံးချွိန် တို့ ရှိကြသည်။ အချို့က ချိန် ပြောင်းရေးနေသည်ကို တွေ့လာရသည်။
တောင်
မလောက်တော့ တွိန်၊ “တွိန်” မှ “ဒွိန်” သို့ ပြောင်းခေါ်ည့် အသံဖြစ်လာသည်။ ကျောက်ဖြူမြို့နယ်တွင်
အဓိက တွေ့ရပါသည်။ ဦးဂါဒွိန်၊ စိုင်ခြုံဒွိန်၊ လိပ်ပြာဒွိန်၊ ရေနံဒွိန်၊ အလယ်ဒွိန်၊
မှိုဟင်းဒွိန် စသည့် ဒွိန် အမည်ပါရွာများကို
အခြားမြို့နယ်များတွင် မတွေ့မိပါ။
ကျွန်း
မလောက်တော့ ကျွိန်၊ “ကျွိန်” သည် ကျွန်းငယ်ဖြစ်ကြောင်း သက်သေထူနေသည်ကတော့
ကျောက်ဖြူမြို့ တစ်ဘက်ကမ်း ပေါင်းနက်ကြီး အထက်နားက ရေတပ်မှ အဆောက်အအုံများ ဆောက်ထားသည့်
အုန်းကျွိန် ခေါ် ကျွန်းငယ်ပင်ဖြစ်သည်။ ငမောက်ကျွိန်သည်လည်း မူလက ကျွန်းငယ်တစ်ခု ဖြစ်လောက်ပါသည်။
ငန်းကျွန်း နှင့် ကာရီ ဘောင်ကြောင့် တစ်တက်တည်းဖြစ်နေခြင်း ဖြစ်ပါသည်။
အထက်ဖော်ပြပါ အသုံးအနှုန်းများသည်
ရခိုင်ဒေသတွင်ပင် ရှားပါး ဝေါဟာရများ ဖြစ်နေကြသည်။ ပြိန် ကို ပြင် ဟု လည်းကောင်း၊
ချွိန်
ကို ချိန် ဟုလည်းကောင်း ပြောင်းလဲ
ရေးလာသူ များလာက အမှားကြာတော့ အမှန် ဖြစ်ကာ ပျောက်ကွယ်သွားခြင်းသို့ ရောက်သွားနိုင်သဖြင့်
သိသူများက လက်ဆင့်ကမ်းပွား ထိန်းသိမ်းထားပေးကြပါရန် တင်ပြ တိုက်တွန်းရပါသည်။
ရခိုင်တို့ သုံးစွဲပြောဆိုနေကြသော ဝေါဟာရများ သည် မြန်မာဝေါဟာရများနှင့်
ရောထွေးယှက်တင် ခြင်းကြောင့် အသုံးနည်းလာ၊ ပျောက်ကွယ်လာသည်ကို တွေ့ရပါသည်။ မိမိရပ်ရွာ
ဒေသတွင် ငယ်စဉ်က ဆံပင်ကိုက်သည် ဟုသုံးခဲ့သည့်
အသုံးသည် ယခုအခါ ဆံပင်ညှပ်သည် ဟု ဖြစ်လာနေကြပြီ။
ကိုက်ဖြတ်၊ ငှက်ပျောသီး တစ်ကိုက် စသည့် အသုံးများ၌ ကိုက် သည် ပြတ်ထွက်သွားသည့် သဘောရှိသည်။ ကလစ်နှင့်ညှပ်၊ မီးညှပ်၊ ပူးညှပ် စသည်တို့တွင်
ပြတ်ထွက်သည့် သဘော မဆောင်ပေ။ ဆံပင်ကိုက်သည် ဟူသည့် မိမိသုံးနေကျအသုံးကို အထင်သေး၍ ပြောင်းသုံးလာသည့်သဘော၊
အမှုမဲ့ အမှတ်မဲ့ ပြောင်းသွား၍ မိမိဝေါဟာရများ ပျောက်ကွယ်သွားသည်မျိုး မဖြစ်စေရန် သတိပြုသင့်ပါသည်။
ဘောလုံးကျောက်သည် ဟူသည့် အသုံးသည်လည်း
ဘောလုံးကန်သည် ဖြစ်လာနေပြီကို သတိမူမိစေလိုပါသည်။
ခယောက်(ခါးယောက်)၊
ခတောင်း(ခါးတောင်း)၊ ဒယော(ဒူးလျား) ဟူသည့် မူလ အသုံးသည် ပုဆိုး ဖြစ်ပြီး ပုဆိုးကို
ခတောင်းကျိုက်ခြင်း မဖြစ်ရန် စောင့်ထိန်းသင့်သလို အိပ်ရာဝင် ပုဆိုးခြုံ ရာမှ စောင်ခြုံခြင်း
ဖြစ်မသွားရန် သတိပြုကြပါ။ အင်္ကျီဖွတ်၊
ခယောက်ဖွတ် နေရာရာမှာ အ၀တ်လျော် အသုံးက အတော့ကို နေရာဝင်ယူလာနေပြီ။
ရခိုင်မှာ သီးခြားသုံးသည့် တစ်ထည်လုံးကို ဖွတ်သည်၊
တစ်ထည်လုံး၏ အစိတ်အပိုင်းတစ်ခု၊ အနည်းငယ် စွန်းထင်းသည်ကို လျှော်သည် ဟု လျှော် နှင့်
ဖွတ် ခွဲခြားသုံးမှုကိုလည်း လျှော် တစ်လုံးဖြင့် မပေါင်းလိုက်ကြပါရန်
တိုက်တွန်းပါသည်။ ထိုနည်းတူ အနည်းငယ် စို၊
တစ်ကိုယ်လုံးစွတ် သီးခြားသုံးနေမှုကိုလည်း
စို တစ်လုံးတည်းထဲတွင် ရောမထည့်ကြပါနဲ့။
နှစ်လုံးတွဲကြိယာများ ဖြစ်သည့် ပူအိုက်၊ စွတ်စို၊
ခြောက်သွေ့(သွိ)၊ ထိုင်းမှိုင်း၊ လျှော်ဖွတ်၊ ချမ်းအေး(အီး)၊ စသည့် စကားလုံးများ၌ သီးခြား
အဓိပ္ပါယ်ဖြင့် ရခိုင်များက ခွဲသုံးသည်ကို တစ်လုံးတည်းဖြင့် မရောပေါင်းစေလိုပါ။
IT ခေတ်၊ Global
village တွင် ဆက်သွယ်မှု မြန်ဆန်သွက်လက်ခြင်းနှင့်အတူ ရောထွေးယှက်တင် လွှမ်းမိုးမှုများပြားလာခြင်း
အပေါ်၌နည်းပညာ ဖွံ့ဖြိုးမှုကိုသာ ယူကြပါ။ ယဉ်ကျေးမှု ကိုယ်ခံအား ကောင်းအောင်ကြိုးစားပြီး
မိမိတို့ အမျိုး၊ ဘာသာ၊ သာနာ၊ စာပေ၊ ယဉ်ကျေးမှုဓလေ့၊ ထုံးစံ၊ အသုံးအနှုန်းများ နေရာဖယ်၍
အသစ်များဖြင့် အစားထိုး လွှမ်းမိုးခြင်း မခံရပါစေနဲ့။ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံပျေက်ကွယ်၊
ဝါးမျိုခံရလျှင် လူမျိုး ပျောက်ကွယ်မည်ဖြစ်ရာ ပြင် မလောက်တော့ ပြိန် အသုံးမှသည် မိမိ
အမျိုး၊ ဘာသာ၊ သာသနာနှင့် သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု မကွယ်မပျောက် စေရန် ဆက်လက်ထိန်းသိမ်း
ပြုပြင် ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။