![]() |
| BUDDHA DAY ဗုဒ္ဓနေ့၊ ကဆုန်လပြည့်နေ့ |
ကဆုန်လပြည့်နေ့သည် ဘုရားရှင် အဆူဆူ ပွင့်တော်မူသော ဗုဒ္ဓနေ့ထူး ဖြစ်ပါသည်။
ထိုနေ့၏ ထူးခြားချက်များကား
၁။ဘုရားအလောင်းတော်သုမေဓာရှင်ရသေ့သည်ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဓိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။
၂။ မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့တွင်ဂေါတမမြတ်စွာဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။
၃။မဟာသက္ကရာဇ်(၁၀၃)ခုကဆုန်လပြည့်နေ့အရုဏ်တက်ချိန်တွင်ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခြင်း။
၎။ မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြစ်သည်။
လောကတွင် ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည်လောကကောင်းကျိုးအတွက်သာ ဖြစ်ပါသည်။
ဘုရားရှင်၏ အဆုံးအမတော်သည် လောကသားတိုင်းအတွက် ဖြစ်ပါသည်။
လောကသားတို့သည် ဘုရားရှင်၏ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပါကကာယသုခ စိတ္တသုခနှင့် ပြည့်စုံကြပြီး ..ငြိမ်းချမ်းရေးအစစ် ဖြစ်သော သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ကြရပေမည်။
ဘုရားရှင်တို့၏ အဆုံးအမဖြစ်သော“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်သော သန္တိသုခကို ရရှိနိုင်ကြပါစေ။
ကဆုန်လပြည့် ဆင်မင်းနေ့ဝယ်
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊
ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊
မြေ့ ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊
မငြီး ကြည်ဖြူ၊ နေတော်မူလျက်၊
ရန်သူခပင်း၊ အမိုက်သင်းကို၊
အရှင်းပယ်ဖျောက်၊ အလင်းရောက်က၊
ထွန်းတောက် ဘုန်းမော်၊ သောင်းလုံးကျော်သည်၊
သုံးဘော်လူတို့ ငြိမ်းဖွယ်ကို့။
( လယ်တီဆရာတော်ဘုရားကြီး၏ လင်္ကာ )
