Showing posts with label ရခိုင်ပြည်နယ်. Show all posts
Showing posts with label ရခိုင်ပြည်နယ်. Show all posts

Wednesday, May 14, 2014

ရခိုင်အမျိုးသားနိ့

*ရခိုင်တမျိုးသားလုံးအတွက် ပထမဦးဆုံး ရခိုင်အမျိုးသားနိ့
*ရခိုင်အမျိုးသားနိ့


*ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ) ကသတ်မှတ်လိုက်တေ ရခိုင်အမျိုးသားနိ့ ကို ပထမဦးဆုံး အကြိမ် အဖြစ် ရခိုင်ပြည်နယ်မာဟိရေ မြို့နယ်တိ နန့် ရန်ကုန်မြို့မာပါ ကျင်းပလျက်ဟိ။


Sunday, September 8, 2013

အာရှနီဝန်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အာဇာနီ အသျှင်ဥတ္တမ

 ဆရာတော်ဦးဥတ္တမသည် ကျဉ်းမြောင်းနုံနဲ့သော အမျိုးသားစိတ်ဓာတ်များ၊ ကမ္ဘာကို လွှမ်းခြုံ၍ နေစဉ်၌ပင် လွတ်လပ်ရေးစိတ်ထား တမျိုးသားတည်း တပြည်ထောင်တည်း အတွက်သာမဟုတ်၊ နယ်ချဲ့ ကိုလိုနီစနစ် အောက်၌ စုံးစုံးနစ်မြုတ်နေသော အာရှတိုက်ကြီး တတိုက်လုံးအတွက် ဖြစ်သည်ဟု စွဲမှတ်ယုံကြည်ရုံသာမက နယ်ချဲ့၏ မျက်နှာကို ရဲရဲကြည့်၍ နယ်ချဲ့၏အာဏာကို ရဲရဲကြီးတွန်းလှန်ခဲ့၏။ နယ်ချဲ့၏အင်အားဖြင့် ဖိနှိပ်သမျှသော ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကို မတွန့်မဆုတ်ခံယူခဲ့၏။ ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် အိပ်သော ယောက်ျား နိုးသောလားသို့ လွတ်လပ်ရေး လမ်းကြောင်းကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ၊ မြန်မာနိုင်ငံသားတို့ လက်ဆုတ်လက်ကိုင် အပိုင်ရ၍ ခံစား စံစားနေရသော အချုပ်အခြာ အဏာပိုင် လွတ်လပ်ရေး ဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည် မျိုးချစ်ပုဂ္ဂိုလ်ကြီး ပေတည်း။
                                                                                                           ကမ္ဘာ့ရေးရာများ
                                                                                                            နှစ်၅၀အတွင်း 
                                                                                              မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း

U OTTAMA DAY (ဘဒ္ဒန္တဥတ္တမအရှင်သူမြတ်၏ဘုန်းတော်ဘွဲ့မင်္ဂလာရတုပိုဒ်စုံ)


ဘဒ္ဒန္တဥတ္တမအရှင်သူမြတ်၏ဘုန်းတော်ဘွဲ့မင်္ဂလာရတုပိုဒ်စုံ

ခေါင်ဇာနည်ဝင်၊ ပြောင်မာတင်တည့်၊
မြရှင်သကျ၊ သမ္ဗုဒ္ဓ၏၊
ပတ္တရင်းစစ်၊ ဖြစ်ကြီးဖြစ်၍၊
မဟစ္ဆရိ၊ အံ့လောက်ဘိသား၊
တြိသာသနာ၊ စက်ရောင်ဝါနှင့်၊
မြန်မာမျိုးညွန့်၊ ညှိုးမတွန့်အောင်၊
သက်စွန့်လျက်ပင်၊ ရှေ့လမ်းထွင်သား၊
အရှင်ဥတ္တမ၊ ထေရိန္ဒလျှင်၊
ဝံသပါလိတ်၊ ရဲတိဟိတ်သို့၊
စိတ်စေတနာ၊ စူးစိုက်စွာလျှင်၊
မဟာဝရဇိန်၊ မိုးကြိုးရှိန်သို့၊
ပစ်ချိန်ကျင်းကျင်း၊ ရန်မာန်ခွင်းသည်၊
ဘက်ကင်းတေဇာရှိန်ဘုရား။

အောင်ရတည်ထွင်၊ ထေရ်အရှင်မူ၊
ပြည်ခွင်အကျိုး၊ မြန်မာမျိုးကို၊
တိုးစေတက်စေ၊ ချမ်းသာစေလျက်၊
သုံးထွေသာသနာ၊ ထွန်းစိမ့်ငှာလျှင်၊
မြို့ရွာလှည့်လည်၊ တရားစည်ကို၊
ထိုဤရွမ်းနှက်၊ ဟောမိန့်မြွက်သော်၊
နတ်ပျက်မိစ္ဆာ၊ မသမာတို့၊
ဝင်ကာပူးနှောင့်၊ ပြုသောကြောင့်လျှင်၊
အဖြောင့်တရား၊ မှန်ပါငြားလည်း၊
ယွင်းမှားလေဟန်၊ ရာဇဒဏ်ဖြင့်၊
ထုတ်ပြန်ဖမ်းဆီး၊ ထောင်ကျောင်းကြီးဝယ်၊
မငြီးမငွေ့၊ တစ်နှစ်စေ့အောင်၊
ကိန်း၍နေခါ၊ ဘာဝနာဖြင့်၊
ချိန်ခါကုန်ပျောက်၊ ဘုန်းသစ်တောက်၍၊
ထွက်မြောက်ကြွမြန်း၊ ထေရ်ရဟန်းကို၊
ရှိပန်းဆက်နှင်း၊ ဖူးမျှော်လျဉ်းသည်၊
တက်လင်းနေဝါထိန်ဘုရား။

နောင်လာပြည်ခွင်၊ ဘေးရန်ဝင်၍၊
ရှင်ပင်မိန့်မှာ၊ သာသနာလည်း၊
ရောင်ဝါယှက်သန်း၊ တက်သစ်စခန်းသို့၊
ရဟန်းရှင်လူ၊ တိုင်းပြည်သူတို့၊
ကြည်ဖြူဖွံ့ဖြိုး၊ စည်းစိမ်တိုးလျက်၊
အမျိုးကိုယ်ပိုင်၊ အုပ်စိုးနိုင်အောင်၊
ဘုန်းလှိုင်ရဲညွန့်၊ ကိုယ်သက်စွန်၍၊
ကျွန့်ဘဝဇာတ်၊ အနာဂတ်ဝယ်၊
ကင်းပြတ်လေအောင်၊ ချမ်းသာဘောင်သို့၊
ပို့ဆောင်လျင်မြန်၊ အရှင့်ဥာဏ်နှင့်၊
ထက်သန်လုံ့လ၊ ဥဿာဟကို၊
မုချယုံကြည်၊ ရှိကြသည်ကြောင့်၊
မြန်မာပြညခပင်း၊ အာသာပြင်းသည်၊
ဆက်သွင်းဇေယျာချိန်ဘုရား။

(လယ်တီပဏ္ဍိတ ဦးမောင်ကြီး)









Tuesday, June 18, 2013

နှစ်ပါတီ ပေါင်းစည်းခြင်းက ပေါ်ထွက်လာမည့် ရခိုင်အမျိုးသားပါတီ (Arakan National Party)

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) တို့ တစ်ပါတီအဖြစ် ပူးပေါင်းရန် June 17,2013 ကသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
ရခိုင်ပြည်သူများ မျှော်လင့်သည့်အတိုင်း နှစ်ပါတီပေါင်းစည်းမှု သဘောတူညီမှုရကာ ဖြစ်ပေါ်လာမည့် ပါတီသစ် အမည်မှာ ရခိုင်အမျိုးသားပါတီ (Arakan National Party)ဟု နှစ်ပါတီပေါင်းစည်းရေး ညှိနှိုင်းအစည်းအဝေးက သတ်မှတ်ထားကြသည်။ 
အဆိုပါ ပါတီသစ် အလံအား အလယ်တွင် သီရိဝိစ္ဆတံဆိပ်ကို ထားပြီး နှစ်ပါတီအလံများ ၀န်ရံ ပြုလုပ်သွား မည်ဟုလည်းကောင်း၊ ပါတီ၏ လိုဂိုတံဆိပ်ကို ဗျာလ္လပုံနှင့် သီရိစိစ္ဆပုံ နှစ်ခုကို ပေါင်းစပ်ကာ အသုံးပြု သွားမည်ဟုလည်းကောင်း သဘောတူညီမှု ရရှိထားကြပါသည်။ 
 June 17 ရက်က ပြုလုပ်ခဲ့သော RNDP နှင့် ALD ပါတီတို့ ပူးပေါင်းခြင်း လက်မှတ်ရေးထိုးမှု အခမ်းအနား
Signing Cerenomy Of RNDP And ALD Unification

Signing Cerenomy Of RNDP And ALD Unification

Sunday, June 16, 2013

ALD + RNDP= Arakan National Party ရခိုင်အမျိုးသားပါတီ

ALD + RNDP = Future...
သမိုင်းတွင်မဲ့နေ့ရက်တို့....

Aung Mra Kyaw - ယနေ့ ၁၆/၆/၂၀၁၃ နေ့သည် ရခိုင်သမိုင်းတွင် သမိုင်းဝင်မည့် ပါတီသစ်နာမည်တစ်လုံး ပေါ်ပေါက်လာခဲ့ပါပြီ။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တို့နှစ်ပါတီပေါင်းစည်းရေး ကိစ္စ အောင်မြင်ခဲ့ကြပါသည်။ နှစ်ပါတီပေါင်းစည်းပြီး ပါတီသစ်အနေဖြင့် မှတ်ပုံတင်သွားမည်ဟု သဘောတူညီမူရရှိခဲ့ကြပါသည်။ 

ပါတီသစ်အမည်အား ရခိုင်အမျိုးသားပါတီ (Arakan National Party ) ဟု ပြောင်းလဲ သွားကြမည်ဟု သဘောတူညီမူ ရရှိကြပါသည်။

ပါတီအလံအား အလယ်တွင် သီရိဝိစ္ဆတံဆိပ်အား ထားပြီး နှစ်ပါတီအလံအား ၀န်ရံပြီး ပြုလုပ်သွား မည်ဟု သဘောတူညီမူရရှိကြပါသည်။

ပါတီ၏ လိုဂိုတံဆိပ်အား ဗျာလ္လပုံနှင့် သီရိစိစ္ဆပုံ နှစ်ခုအားပေါင်းစပ်ထားသော တံဆိပ်အားအသုံးပြု သွားကြမည်ဟု သဘောတူညီကြပါသည်။

ပါတီဖွဲ့စည်းပုံကိစ္စများကို မနက်ဖြန် ဆက်လက်ဆွေးနွေးသွားမည်ဟု သိရှိရပါသည်။

Saturday, May 25, 2013

ရခိုင်စာသင်ရိုးဖတ်စာအုပ်က ဆရာတိအတွက်အမှာစာ

ရခိုင်စာကို မူလတန်း အောက်ဆင့် သူငယ်တန်း၊ ပထမတန်းနန့် ဒုတိယတန်း တိမာ လာဖို့ စာသင်နှစ် စလို့သင်ဖို့ အတွက်နန့် ကြားရရေ ခါကပင် ဝမ်းသာခရေ။ ရခိုင်စာကို ရခိုင်တိ သင်ခွင့်ရရေ အတွက်နန့် မျိုးဆက်သစ် အချေတိ အတွက် အားရစရာပါ။ ယေဇူးနန့် ပြည်နယ်အစိုးရက ရခိုင်ပြည်တဝှမ်းက ရခိုင်သမိုင်းသုတေသီ ပညာရှင် ဝါသနာရှင်တိနန့် ရခိုင်စာသင်ရိုးပြုစုရေးကော်မတီ ဖွဲ့စည်းပနာ ရခိုင်စာသင်ရိုး ဖတ်စာ အတွက် ပြင်ဆင်ကတ်တေ။ စိတ်ဝင်စားရေ အကျွန်ရို့က စောင့်ကြည့် နားထောင် ဖြစ်တေ။ ဂုဆိုကေ ရခိုင်စာ သင်ရိုးဖတ်စာ အချောသတ် ပြီးစီးလို့ ပြည်ထောင်စုဝန်ကြီးကို တင်ပြပနာ ထုတ်ဖို့ရာ ကျန်ဗျယ်။ ပြီးပြည့်စုံရေ သင်ရိုး ဖတ်စာ မဖြစ်သေးကေလေ့ ပထမ ခြီလှမ်းအတွက်နန့် ကျေနပ် မိရေ။ Mail ပို့ပီးရေ လေ့လာခွင့်ပီးရေ ကော်မတီဝင် တဦးဖြစ်တေ ဆရာကြီးကိုလေ့ ကျေးဇူးတင်ပါရေ။

Online ကရခိုင်တိလေ့ ဂု ရခိုင်ဖတ်စာ သင်ရိုးညွှန်းတမ်းကို အခြေခံပနာ ရခိုင်ပိုင် ရွီးသား သုံးစွဲ လားကဖို့ လိုပါရေ။ ယေဇူးနန့် သူငယ်တန်း၊ ပထမတန်းနန့် ဒုတိယတန်း သင်ရိုးဖတ်စာအုပ် တိကို PDF ဖိုင်အဖြစ် နောက်မကြာခင် Upload လုပ်ပီး လားပါဖို့။ Download ရယူပြီးကေ ကိုယ်တိုင် လိလာ လိကျင့် ပနာ နောက်လူတိကို လက်ဆင့်ကမ်း ဝေမျှ လားနိုင်ပါစီ။

ဂုဖော်ပြဖို့ အကြောင်းခြင်းအရာက ရခိုင်ဖတ်စာ သင်ရိုးစာအုပ်တိမာ ပါရေ ဆရာတိအတွက် အမှာစာ ကကောက်နုတ်ချက်နန့် အကြောင်းအရာတိကို ဖော်ပြ ထားစွာပါ။ သင်ကြားဖို့ ဆရာက အခရာ ဖြစ်လို့ အထူးတလည် မှာထားစွာ တွိရရေ။

ရခိုင်ဖတ်စာ သင်ရိုး သင်ကြားမှုရေ ၂၀၁၃ ခုနှစ်၊ လာဖို့ စာသင်နှစ်မာ အစပြု သင်ကြားဖို့ ဖြစ်တေ။ သင်ကြားစွာမာ ဆရာပါ တပည့်ပါ စိတ်ဝင်စားမှုနန့် သင်ကြားဖို့၊ ပြဋ္ဌာန်းပီးထားရေ စာအုပ်ကို လက်တွိ အသုံးပြု သင်ကြားရေ ဆရာတိနန့် ကျောင်းသား ကျောင်းသူရို့ လိုက်နာ သင်ကြားမရာ ရခိုင်စာ သင်ကြားမှု ရည်ရယ်ချက် အောင်မြင်ဖို့၊ ဆရာ ဆရာမတိ အနေနန့် “စာပီ ပျောက်ကေ ယဉ်ကျေးမှု ပျောက်ဖို့၊ ယဉ်ကျေးမှုပျောက်ကေ လူမျိုးပျောက်ဖို့၊ လူမျိုး မပျောက်လီရအောင် မိမိရို့စာပီကို အမြတ် တနိုး သင်ကြားပီးဖို့” အရေးတကြီး လိုအပ်ကြောင်း သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ဖတ်စာမာ ပါရေ ဆရာတိအတွက် အမှာစာ တိုင်းမာ အထူးတလေ အလေးအနက်ထား မှာကြား ပါဟိရေ။

ရခိုင်စာသည် ဘာသာစကား ဖြစ်တေအတွက် ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှု ဖြစ်တေ နားထောင်တတ်မှု၊ စကားပြောဆိုတတ်မှု၊ စာဆို စာဖတ်တတ်မှု၊ စာရွီးသားတတ်မှု ရဟိအောင် သင်ကြားပီးဖို့ ဖြစ်ကြောင်း။
သူငယ်တန်းနန့် ပထမတန်းရေ ဗျည်း၊ သရ အက္ခရာရို့၏ အသံထွက် ရွီးဆွဲပုံတိနန့် ဗျည်းသရ ပေါင်းစက်မှု သင်ခန်းစာတိကို သင်ကြားပီးရေ အတန်းတိ ဖြစ်တေ လို့ပြောဆို ထားပါရေ။

သူငယ်တန်း
သူငယ်တန်း ဖတ်စာအုပ်ရေ ပထမဆုံး ကျောင်းသို့ ရောက်လာရေ အချေတိအတွက် ပြဋ္ဌာန်း သင်ကြား ပီးဖို့ပါ။
သင်ခန်းစာ၊ လိကျင့်ဖို့၊ ဖတ်စာ ဆိုပြီး (၃)ပိုင်း ပါဟိရေ။ ဗျည်းကဗျာတိ၊ ဗျည်း သရ အက္ခရာတိ၊ ဂဏန်းသင်္ချာနန့် နိတိ အသံပါ ရွီးပုံရွီးနည်းတိ၊ အရွေ့သာခြင်း ကဗျာတိ ပြည့်စုံအောင် ပါရေ။ အရွီး အဖတ် လေ့ကျင့်ဖို့ ပြည့်စုံအောင် ပြင်ဆင်ထား ပါရေ။

ရခိုင်လူမျိုးတိ ရခိုင်စာသင်ပုန်းကြီး သင်နည်းကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း သင်ခကတ်ကြောင်း။ သူငယ်တန်း ရခိုင်ဖတ်စာအုပ်ကို ရခိုင်စာ သင်နည်း မပျောက်ပျက်အောင် ပြန်လည်ထိန်းသိမ်း ပီးရေ စာအုပ်လို့ မှတ်ယူ နိုင်ကြောင်း။ မြန်မာစာနန့် ရင်းနှီးနီပြီး ဖြစ်တေ ဆရာတိအဖို့ ရခိုင်ပြဋ္ဌာန်းစာအုပ်ပါ သင်ရိုးတိကို သင်ရေခါ အခက်အခဲ ဖြစ်နိုင်ကြောင်း။ ယေကေလေ့ ကိုယ်တိုင် တတ်အောင်၊ အချေတိလေ့ တတ်အောင် သင်ကြား ပီးစီချင်ကြောင်း။ ဆရာတိကို သင်ခန်းစာတိကို ကျီပြီး တတ်ပြီးခါမ အချေကို လိကျင့် သင်ပီးဖို့ လိုကြောင်း မှာထားရေ။ ဆိုနည်း၊ အသံထွက်တိ၊ သတ်ပုံ မှန်မှန် ရွီးတတ်အောင် သင်ကြားပီးဖို့ လိုကြောင်း ဆရာတိအတွက် အမှာစာမာ မှာကြား ထားပါရေ။
 

ပထမတန်း
ပထမတန်း ရခိုင်ဖတ်စာအုပ်ရေ မူလတန်း အဆင့် ပြဋ္ဌာန်း သင်ကြားဖို့ ဖြစ်ကြောင်း။ ရခိုင်စာသည် ဘာသာစကား ဖြစ်တေအတွက် ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှု ဖြစ်တေ နားထောင်တတ်မှု၊ စကားပြောဆိုတတ်မှု၊ စာဆို စာဖတ်တတ်မှု၊ စာရွီးသားတတ်မှု ရဟိအောင် သင်ကြားပီးဖို့ ဖြစ်ကြောင်း။ သူငယ်တန်းနန့် ပထမတန်းသည် ဗျည်း၊ သရ အက္ခရာရို့၏ အသံထွက် ရွီးဆွဲပုံတိနန့် ဗျည်းသရ ပေါင်းစပ်မှု သင်ခန်းစာတိကို သင်ကြားပီးရေ အတန်းတိ ဖြစ်ကြောင်း။

ဘာသာစကား ကဏ္ဍဖြစ်တေ သီးခြား စကားလုံး (နာမ်၊ ကြိယာ) တိမာ ရခိုင်ဝေါဟာရ အများစုကို ဖော်ပြထားရေ။ အကူ စကားလုံးတိ (ဝိဘတ်၊ ပစ္စည်း၊ သမ္ဗာန္ဓ)တိမာ ရခိုင်ဒေသ အနှံ့အပြား သုံးစွဲနီရေ အကူ စကားလုံး အများစုကို ထည့်သွင်း ဖော်ပြထားရေ။ ယင်း စကားလုံးတိကို အချေတိ အကျွမ်းတဝင် ဖြစ်ဖို့ တတ်မြောက်အောင် သင်ကြား ပီးဖို့ လိုရေ အကြောင်း ပါဟိရေ။

ဒုတိယတန်း
ဒုတိယတန်း ရခိုင်ဖတ်စာအုပ်ရေ မူလတန်း အောက်အဆင့်မာ ပြဋ္ဌာန်း သင်ကြားဖို့ ဖြစ်ရေ။ ဒုတိယတန်း ရခိုင်ဖတ်စာအုပ်မာ ဗဟုသုတ ဖြစ်ဖို့ အကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်ဖို့ အကြောင်းအရာတိ၊ လူမှုရေး၊ ရိုးရာယဉ်ကျေးမှု၊ စာရိတ္တမြင့်မားအောင် မွီးမြူရေး ဆိုင်ရာတိကို ထည့်သွားထားရေ။ ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုး၊ ရခိုင်ယဉ်ကျေးမှုနန့် သက်ဆိုင်ရေ အကြောင်းအရာတိကို ဦးစားပီး ထည့်သွင်းထားစွာကို တွိရပါရေ။

ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှု ဖြစ်တေ နားထောင်တတ်မှုမာ အပိုင်းမာ ပုံပြင်ဝတ္ထုတိကို နားထောင်တတ်ဖို့၊ အရွေ့ကဗျာတိကို နားထောင်တတ်ဖို့။ ပြောဟော တတ်မှု အပိုင်းမာ ပုံပြင်ဝတ္ထုတိ ဖတ်စာပါ အကြောင်းအရာတိကို ပြန်ပြောတတ်အောင်။ ရွတ်ဆိုမှု အပိုင်းမာ အရွေ့ကဗျာတိကို အသံနီ အသံထား အဖြတ်တောက် မှန်မှန် ရွတ်ဆိုတတ်ဖို့၊ ဝေါဟာရ၊ ဝါကျ၊ စာပိုဒ်တိကို စနစ်တကျ အသံထွက်မှန် ဖတ်တတ်စီဖို့။ အရွီးအသား အပိုင်းမာ စာလုံးပေါင်း သတ်ပုံ မှန်ကန်အောင် ရွီးတတ်ဖို့၊ လက်ရွီးလက်သား လှပအောင် ရွီးအောင်၊ ဖတ်စာပါ အကြောင်းအရာတိ ပြန်ရွီးတတ်ဖို့ အတွက် ဖော်ပြ ပါဟိရေ။ တတ်ကျွမ်းမှုကို စီးစစ်ဖို့ လိကျင့်စရာ မိန်းခွန်းတိ ထည့်သွင်း ပါဟိပါရေ။

ရခိုင်စာ တိုးတက်စီချင်…
By Thuyarzay


Friday, May 3, 2013

ပြင် မလောက်တော့ ပြိန်


၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ဂီရီမုန်တိုင်း အပြီး ကျောက်ဖြူမြို့နယ်တွင် လဲပြိုပြားဝပ်သည့် ကျောင်း (၄)ကျောင်း အနက် သွားလာရေးလွယ်ကူသည့်  (၁) အမက- ကန္ဒီး၊ (၂) အမက- ကပ်သပြေ နှင့် (၃) အမက- ဇိတ်ပြိန်တောင် ကျောင်းများကို စက်မှု(၂) ၀န်ကြီးက Steel Structure ဖြင့် ဆောက်လုပ် လှူဒါန်းမည်ဖြစ်သဖြင့် ၀န်ကြီး ကိုယ်တိုင် သွားရောက်ခဲ့ရာ၌ အမက- ဇိတ်ပြိန်တောင်  သို့ ကားလမ်းမှ တစ်မိုင်ခန့် ခြေလျှင် လျှောက်ရပါသည်။ အမည် ဇိတ်ပြိန်တောင် ကိုပြောရာတွင် ရခိုင်သံ  “ရ” သံပီပီသသ ပြောသည့်အသံကို ဗမာအသံဖြင့် ပြော၍ မရ၊ နားမလည်သည့် အတွက် “ ပြိန်”  နှင့်  “ ပြင် ”  အကြောင်းကို လမ်းလျှောက်ရင်း ရှင်းပြခဲ့ရဖူးပါသည်။

“ပြင်” မလောက်တော့ “ပြိန်” မှစ၍  “ပြိန်” ဆိုသည်မှာ ပြင်ဟု မခေါ်လောက်သည့်  ပြင်(ကွင်းပြင်) အငယ်ကို ခေါ်ကြောင်း၊ ရွာအမည်များကို တည်ရှိသည့် နေရာကို အစွဲပြု၍ အမည်ပေးထားသည်များ ရှိပါကြောင်း၊ ရမ်းဗြဲမြို့နယ်တွင် ပုန်းဆိုးပြင်ကျေးရွာနှင့် ပုန်းဆိုးပြိန်ကျေးရွာဟု ရှိရာ တည်နေရာများအရ ပုန်းဆိုးပြင်ကျေးရွာသည် ကွင်းပြင်အကျယ်နှင့် ဆက်စပ်တည်ရှိပါကြောင်း၊ ပုန်းဆိုးပြိန် ကျေးရွာသည် တောင်နှင့် ချောင်းအကြား ကွင်းပြင်ကျဉ်းကျဉ်းနှင့် ဆက်စပ်တည်ရှိပါကြောင်း၊ ထိုမှ ဆက်စပ်၍  “ချောင်း” မလောက်တော့ “ချွိန်”၊ “တောင်” မလောက်တော့ “တွိန်”၊ “ကျွန်း” မလောက်တော့ “ကျွိန်” ခေါ်သည့် ဝေါဟာရများရှိပါကြောင်း ရှင်းပြခဲ့ဖူးပါသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲ- ကျောက်ဖြူ ဒေသတွင် သုံးလျှက်ရှိနေသေးသည့်  ပြိန် နှင့်  ပြင် စသည့်  အသုံးသည် အခြားဒေသများတွင် သုံးသည်ကို မတွေ့ရချေ။ ရခိုင်ပြည်နယ် အခြားဒေသများအတွက် ပေါရာဏ ဖြစ်သွားပြီး ဝေါဟာရ မဟုတ်တော့၍လော (သို့မဟုတ်) မူလကပင် အခြားဒေသ တွင်မရှိသည့် ရမ္မာဝတီ ဒေသအသုံးတစ်ခုသာ ဖြစ်နေ၍လား ။ ရခိုင် မြောက်ပိုင်း၊ တောင်ပိုင်း မြို့နယ်တိုင်းတွင် ပြင် ပါသည့် ရွာအမည်များတွေ့ရသော်လည်း ပြိန် ပါသည့် ရွာအမည်များ မတွေ့မိချေ။ အမည်တွင် ပြိန် ပါသည့်ရွာတိုင်း၏ တည်နေရာသည် ကွင်းကျဉ်းကျဉ်းနှင့် ဆက်စပ်နေကြောင်းတွေ့ရပါသည်။ ပြိန်  အဓိပါယ်ကို မသိသူ အချို့ကမူ  ပြင် ဟု ပြောင်းရေးနေကြသည်ကို တွေ့လာရသည်။

ပြိနအမည်ပါသည့် ရွာ အချို့အမည်များမှာ-  (ရမ်းဗြဲမြို့နယ်) ခမောင်းပြိန်၊ ထန်းပြိန်၊ သလူပြိန်၊ ပုန်းဆိုးပြိန်၊ ကျောင်းပြိန်၊ သဲတောပြိန်၊ သိန်ပြိန်၊ ဗျောပြိန်၊ အောင်လေပြိန်၊ ကညင်ပြိန် နှင့် (ကျောက်ဖြူမြို့နယ်) ကျွန်းပြိန်၊ ညောင်ပြိန်၊ ဟင်းခရော်ပြိန်၊ ကျောက်တောင်ပြိန်၊ ဆနွင်းနံပြိန်  တို့ဖြစ်ကြသည်။

ချောင်း မလောက်တော့ ချွိန် ၊ ချောင်းဟု မခေါ်လောက်သည့် ချောင်းငယ်ကို ချွိန် ဟုခေါ်ကြပါသည်။ “ချွိန်”  နှင့် ပတ်သက်၍မူ ငယ်စဉ်က ခရုကောက်ခဲ့ဖူးသော ချွိန် ကို အမှတ်ရနေဆဲ။ လယ်ကွင်းထဲတွင် အဆုံးသတ်သည့်၊ မိုးစဲလျှင် ရေစဲသည့် တောင်ကျချောင်းငယ်များနှင့် ပြားတော ထဲတွင် ငါးရှာ၊ ဂဏန်းနှိုက် ရန်သွားခဲ့ဖူးသည့် ချွိန် များကို အမှတ်ရနေဆဲပင်။ ချွိန် အမည်ကို အစွဲပြု၍ မှည့်ခေါ်ထားသည့် ရွာအမည်များက သက်သေထူနေဆဲပင်။ ချွိန်  ကို မသိသောသူတို့နှင့် မခေါ်တတ်တော့သူတို့က  “ချိန်” ဟု  ၀ ဆွဲ ဖြုတ်ပြီး ရေးလာကြသည်ကို တွေ့ရတော့ ၀မ်းနည်းစရာပင်။ မသိသူ များလာလျှင် ကွယ်ပျောက်သွားမှာ စိုးရိမ်စရာ။ 

ချွိန် အမည်ပါသည့် ရွာအမည် အချို့ကို လေ့လာကြည့်ပါ။ (ရမ်းဗြဲမြို့နယ်) မရွတ်ချွိန်၊ လောင်းချွိန်၊ သပြုချွိန်၊ ၀ါးနက်ချွိန်၊ ထောင့်ချွိန်၊ ရေကောင်းချွိန် နှင့် (ကျောက်ဖြူမြို့နယ်) ပြူးချွိန်၊ ၀ါးနက်ချွိန်၊ ငပုချွိန်၊ သဲချွိန်၊ ကျောက်ချွိန်၊ ကင်းလောင်းချွိန်၊ အလံချွိန်၊ ဂုံးချွိန် တို့ ရှိကြသည်။ အချို့က ချိန် ပြောင်းရေးနေသည်ကို တွေ့လာရသည်။
တောင် မလောက်တော့ တွိန်၊ “တွိန်” မှ “ဒွိန်” သို့  ပြောင်းခေါ်ည့် အသံဖြစ်လာသည်။ ကျောက်ဖြူမြို့နယ်တွင် အဓိက တွေ့ရပါသည်။ ဦးဂါဒွိန်၊ စိုင်ခြုံဒွိန်၊ လိပ်ပြာဒွိန်၊ ရေနံဒွိန်၊ အလယ်ဒွိန်၊ မှိုဟင်းဒွိန် စသည့်  ဒွိန် အမည်ပါရွာများကို အခြားမြို့နယ်များတွင် မတွေ့မိပါ။

ကျွန်း မလောက်တော့ ကျွိန်၊ “ကျွိန်” သည် ကျွန်းငယ်ဖြစ်ကြောင်း သက်သေထူနေသည်ကတော့ ကျောက်ဖြူမြို့ တစ်ဘက်ကမ်း ပေါင်းနက်ကြီး အထက်နားက ရေတပ်မှ အဆောက်အအုံများ ဆောက်ထားသည့် အုန်းကျွိန် ခေါ် ကျွန်းငယ်ပင်ဖြစ်သည်။ ငမောက်ကျွိန်သည်လည်း မူလက ကျွန်းငယ်တစ်ခု ဖြစ်လောက်ပါသည်။ ငန်းကျွန်း နှင့် ကာရီ ဘောင်ကြောင့် တစ်တက်တည်းဖြစ်နေခြင်း ဖြစ်ပါသည်။

အထက်ဖော်ပြပါ အသုံးအနှုန်းများသည် ရခိုင်ဒေသတွင်ပင် ရှားပါး ဝေါဟာရများ ဖြစ်နေကြသည်။ ပြိန် ကို ပြင် ဟု လည်းကောင်း၊ ချွိန်  ကို ချိန် ဟုလည်းကောင်း ပြောင်းလဲ ရေးလာသူ များလာက အမှားကြာတော့ အမှန် ဖြစ်ကာ ပျောက်ကွယ်သွားခြင်းသို့ ရောက်သွားနိုင်သဖြင့် သိသူများက လက်ဆင့်ကမ်းပွား ထိန်းသိမ်းထားပေးကြပါရန် တင်ပြ တိုက်တွန်းရပါသည်။

ရခိုင်တို့  သုံးစွဲပြောဆိုနေကြသော ဝေါဟာရများ သည် မြန်မာဝေါဟာရများနှင့် ရောထွေးယှက်တင် ခြင်းကြောင့် အသုံးနည်းလာ၊ ပျောက်ကွယ်လာသည်ကို တွေ့ရပါသည်။ မိမိရပ်ရွာ ဒေသတွင် ငယ်စဉ်က ဆံပင်ကိုက်သည် ဟုသုံးခဲ့သည့် အသုံးသည် ယခုအခါ ဆံပင်ညှပ်သည် ဟု ဖြစ်လာနေကြပြီ။ ကိုက်ဖြတ်၊ ငှက်ပျောသီး တစ်ကိုက် စသည့် အသုံးများ၌ ကိုက် သည် ပြတ်ထွက်သွားသည့် သဘောရှိသည်။ ကလစ်နှင့်ညှပ်၊ မီးညှပ်၊ ပူးညှပ် စသည်တို့တွင် ပြတ်ထွက်သည့် သဘော မဆောင်ပေ။ ဆံပင်ကိုက်သည် ဟူသည့် မိမိသုံးနေကျအသုံးကို အထင်သေး၍ ပြောင်းသုံးလာသည့်သဘော၊ အမှုမဲ့ အမှတ်မဲ့ ပြောင်းသွား၍ မိမိဝေါဟာရများ ပျောက်ကွယ်သွားသည်မျိုး မဖြစ်စေရန် သတိပြုသင့်ပါသည်။ ဘောလုံးကျောက်သည် ဟူသည့် အသုံးသည်လည်း ဘောလုံးကန်သည် ဖြစ်လာနေပြီကို သတိမူမိစေလိုပါသည်။

ခယောက်(ခါးယောက်)၊ ခတောင်း(ခါးတောင်း)၊ ဒယော(ဒူးလျား) ဟူသည့် မူလ အသုံးသည် ပုဆိုး ဖြစ်ပြီး ပုဆိုးကို ခတောင်းကျိုက်ခြင်း မဖြစ်ရန် စောင့်ထိန်းသင့်သလို အိပ်ရာဝင် ပုဆိုးခြုံ ရာမှ စောင်ခြုံခြင်း ဖြစ်မသွားရန် သတိပြုကြပါ။ အင်္ကျီဖွတ်၊ ခယောက်ဖွတ် နေရာရာမှာ အ၀တ်လျော် အသုံးက အတော့ကို နေရာဝင်ယူလာနေပြီ။ ရခိုင်မှာ သီးခြားသုံးသည့် တစ်ထည်လုံးကို ဖွတ်သည်၊ တစ်ထည်လုံး၏ အစိတ်အပိုင်းတစ်ခု၊ အနည်းငယ် စွန်းထင်းသည်ကို လျှော်သည် ဟု လျှော် နှင့် ဖွတ် ခွဲခြားသုံးမှုကိုလည်း လျှော် တစ်လုံးဖြင့် မပေါင်းလိုက်ကြပါရန် တိုက်တွန်းပါသည်။ ထိုနည်းတူ အနည်းငယ် စို၊ တစ်ကိုယ်လုံးစွတ် သီးခြားသုံးနေမှုကိုလည်း စို တစ်လုံးတည်းထဲတွင် ရောမထည့်ကြပါနဲ့။ နှစ်လုံးတွဲကြိယာများ ဖြစ်သည့်  ပူအိုက်၊ စွတ်စို၊ ခြောက်သွေ့(သွိ)၊ ထိုင်းမှိုင်း၊ လျှော်ဖွတ်၊ ချမ်းအေး(အီး)၊ စသည့် စကားလုံးများ၌ သီးခြား အဓိပ္ပါယ်ဖြင့် ရခိုင်များက ခွဲသုံးသည်ကို တစ်လုံးတည်းဖြင့် မရောပေါင်းစေလိုပါ။

IT ခေတ်၊ Global village တွင် ဆက်သွယ်မှု မြန်ဆန်သွက်လက်ခြင်းနှင့်အတူ ရောထွေးယှက်တင် လွှမ်းမိုးမှုများပြားလာခြင်း အပေါ်၌နည်းပညာ ဖွံ့ဖြိုးမှုကိုသာ ယူကြပါ။ ယဉ်ကျေးမှု ကိုယ်ခံအား ကောင်းအောင်ကြိုးစားပြီး မိမိတို့ အမျိုး၊ ဘာသာ၊ သာနာ၊ စာပေ၊ ယဉ်ကျေးမှုဓလေ့၊ ထုံးစံ၊ အသုံးအနှုန်းများ နေရာဖယ်၍ အသစ်များဖြင့် အစားထိုး လွှမ်းမိုးခြင်း မခံရပါစေနဲ့။ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံပျေက်ကွယ်၊ ၀ါးမျိုခံရလျှင် လူမျိုး ပျောက်ကွယ်မည်ဖြစ်ရာ ပြင် မလောက်တော့ ပြိန် အသုံးမှသည် မိမိ အမျိုး၊ ဘာသာ၊ သာသနာနှင့် သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု မကွယ်မပျောက် စေရန် ဆက်လက်ထိန်းသိမ်း ပြုပြင် ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။









Tuesday, April 30, 2013

ရခိုင်ပြည်နယ်တံဆိပ်နှင့် ရခိုင်ပြည်နယ်အလံ အနက်အဓိပ္ပါယ်

ရခိုင်ပြည်နယ်တံဆိပ်

ရခိုင်ပြည်နယ်တံဆိပ်

ရခိုင်လူမျိုးတို့သုံးစွဲခဲ့သော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားပါသည်။  ဝေသာလီ ခေတ်ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားသော အနုပညာ ဓနာဥစ္စာ ကြွယ်ဝခြင်းနှင့် ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားလာခဲ့သည်ဟု ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်ပါသည်။  ရခိုင်ပြည်နယ်တံဆိပ်တံဆိပ်၏ အပေါ်ထိပ်တွင် ကြယ်ဖြူတစ်ပွင့်၊ အောက်ဖက်တွင် “ရခိုင်ပြည်နယ်”ဟု ရေးသာဖော်ပြထားပြီး သဇင်ပန်းခွေနှစ်ခက်ဖြင့် ခြံရံထားပါသည်။ ရခိုင်ပြည်နယ် တံဆိပ်တွင် ပါရှိသော ရုပ်ပုံများ၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။



ကြယ်ဖြူ

• ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံအလံတွင်ပါရှိသော ပြည်နယ်နှင့်တိုင်း (၁၄)ခုကို ဖော်ညွှန်း ထားသည့် ကြယ်ဖြူ(၁၄)လုံးအနက် ရခိုင်ပြည်နယ်အတွက် သတ်မှတ်ထားသော ကြယ်ဖြူတစ်ပွင့်ကို သတ်မှတ်ထားခြင်းဖြစ်ပါသည်။



သဇင်ပန်းခွေနှစ်ခက်

• ရခိုင်ပြည်နယ်တွင် သဇင်ပန်းသည် ပြည်နယ်၏ အဓိကမြင့်မြတ်ဖြူစင်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ယင်းပန်းကို အမှီပြု၍ အမြင့်အမြတ်စကားလုံးတို့ကိုသုံးစွဲရာတွင် သဇင်ပန်းကို ဥပမာပြု၍တင်စား သုံးစွဲ ခဲ့ကြပါသည်။ သဇင်ပန်းကို ရခိုင်တို့က သန့်စင် ပန်းဟုခေါ်သည်။ သန့်လည်းသန့်ရှင်းသည်။ ဖြူလည်း ဖြူစင်သည်။ သန့်ရှင်းဖြူစင်သော အနားရစ်ရှိသည်။ ပွင့်ဖတ်အယ်တွင် ၀ါဝင်း၍ ရွှေရောင်ရှိသော ၀တ်ဆံနှစ်ခုရှိသည်။ မွေးလည်းမွေးကြိုင်သည်။ မြင့်မြတ်သော သစ်ပင်ကြီးများအပေါ် ၌သာပေါက်ရောက်သည်။  ဖြူစင်သော သီလရောင် ၀ါဝင်းသော ၀တ်ဆံအရောင်တို့မှာ ဗုဒ္ဓ၏ သင်္ကန်းရောင်ကို ဆောင်နေသည်။ ယင်းကြောင့် အမြတ်ဆုံးပန်းဟူ၍ တင်စားသမုတ်ကြသည်။ ယင်းကို အစွဲပြု၍ ဘုရားပေါင်းချုပ်၏ သင်္ကေတာအခေါ်အဝေါ်ကဗျာတွင် “သဇင်ပန်းခိုင်တစ်မြိုင်မြိုင် ရခိုင်ဘုရား ပေါင်း” ဟူ၍ ဖွဲ့ဆိုခဲ့ကြသည်။ သဇင်ပန်းခက်၏ တစ်ဖက်စီတွင် ပါရှိသော (၈)ပွင့်နှင့် ထိပ်ပေါ်တွင် တစ်ပွင့်ပေါင်းလိုက်သော်လည်း ၉ ဖြစ်သည်။ ထိပ်ပေါ်၌ရှိသော အပွင့်သည် နှစ်ဖက်စလုံးနှင့် ဆိုင်သည်။ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန် ကိုးန၀င်းကြေသော လက္ခဏာကိုပြထားသည်။ ဖော်ပြပါ သဇင်ပန်းခက်တစ်ခက်စီတွင် အပွင့်ငယ်လက်ဝဲမှ (၈)ပွင့် လက်ျာမှ (၈)ပွင့်စီ ရိုးတံကိုမှီ၍ ရှိနေကြသည်။ ထိပ်ပေါ်မှ တစ်ပွင့်နှင့်ပေါင်းလိုက်သော် (၁၇)ပွင့်ဖြစ်၍ ရခိုင်ပြည်နယ် (၁၇)မြို့နယ်ကို ဖော်ဆောင်ပါသည်။



ဗိန္နူပြောက်များ

• ဝေသာလီဒင်္ဂါးအပြင်ဘက်စက်ဝိုင်းတွင် ဖော်ပြထားသော ဗိန္နူပြောက်များမှာ နက္ကဒါန်တီးဝိုင်း၏ ပုံသဏ္ဍာန်ဖြစ်သည်။ ဝေသာလီဒင်္ဂါးများတွင် ပါရှိသော ဗိန္နူများမှာ အရေအတွက်အားဖြင့် လုံးရေ ၂၀ ပါရှိသော ဒင်္ဂါးအမျိုးအစားရှိသကဲ့သို့ လုံးရေ ၂၀ ထက်ပိုမိုပါရှိသော ဒင်္ဂါးများလည်း ရှိကြောင်း တွေ့ရ သည်။ သို့သော်လည်း ယခုသတ်မှတ်ထားသော ရခိုင်ပြည်နယ်တံဆိပ်ပါဗိန္နူပြောက်များ၏ အရေ အတွက်ကို လုံးရေ ၂၀ ဟုသတ်မှတ်ထားပါသည်။ ယင်းသို့ သတ်မှတ်ရခြင်းမှာ တံဆိပ်၏ အလှအပနှင့် ရှေးရခိုင်မင်းများ၏ အဓိကကျင့်ဝတ်ဖြစ်သော မင်းကျင့်တရားဆယ်ပါး၊ နာယက ဂုဏ်ခြောက်ပါး၊ သင်္ဂဟ တရားလေးပါးတို့ကို ပေါ်လွင်စေရန် ရည်ညွှန်းထားခြင်းဖြစ်ပါသည်။



သိရိဝစ္ဆ

• သိရိဝစ္ဆမှာ သဇင်ပန်းခွေအလယ်တွင်ရှိသည်။ ၄င်းသည် ဝေသာလီစန္ဒြားမင်းတို့ ဒင်္ဂါးတွင် ခပ်နှိပ်သုံးစွဲသော ပုံဖြစ်လေသည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင်မုတ်တံကဲများ၊ ဘုရားတန်ဆောင်မုတ်တံကဲများတံခါးမုတ်စီများတို့တွင် အမြဲသုံးစွဲခဲ့ကြသည်။ သရိဝစ္တမှာ ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည်ဟုအဓိပ္ပါယ်ရသည်။ ယင်းအထဲတွင် သင်္ကေတများစွာပါရှိပါသည်။



နေနှင့်လ

• နေနှင့်လတို့မှာ ပထမဆုံးရခိုင်ဟူသော အမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သောမင်းတို့သည် နေလရှိသော ဘွဲထူး၊ ဂုဏ်ထူးအမည်များကိုခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏တန်ဆာများဖြစ်ကြသည့်အလျှောက် အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အမြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသော အကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရားတည်ကြည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရေးအခြေအနေနှင့် အမျိုးသားများ လက္ခဏာကို ဖော်ညွှန်းထားပါသည်။ နေသည် ကမ္ဘာမြေပေါ်ရှိ လူသတ္တ၀ါတို့ကို အလင်းရောင် ပေးသည်။ လသည်အေးမြကြည်လင်သော သာယာမှုတို့ကို ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး မျှတသော အရောင်ကိုပေးတတ်သည်။ လူသား သတ္တ၀ါတို့အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကိုဖော်ညွှန်းထားခြင်းဖြစ်သည်။



လက်ဝဲရစ်ခရုသင်းနှင့် လက်ျာရစ်ခရုသင်း

• တိုင်းပြည်ကိုအုပ်ချုပ်သော ဘုရင်များ၊ ဘိသိတ်ခံရာ၌ လက်ဝဲနှင့်လက်က်ျာရစ်ခရုသင်းတို့ဖြင့် သစ္စာရေစင်ဖြန်းရသည်။ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သားအပေါင်းတို့အား သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ဖော်ကိုဖော်ဆောင်ပါသည်။



စိန်တောင်

• စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဍိုင်အဖြစ် မားမားမတ်မတ်ဖြောင့်တန်းစွာ ရပ်တည်ထားသည်။ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည် မင်းနှင့်တကွ ပြည်သူတို့အားတည့်တည့် မတ်မတ်အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကိုဖော်ပြထားပါသည်။



စိန်တောင်အောက်ခံ

• စိန်တောင်အောက်ခံမှာ လခြမ်းသဏ္ဍာန်ရှိပြီး စိန်တောင်အား မတိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်း သဘောကိုသရုပ်ဆောင်သည်။



ရွေးလုံး(၇)လုံး (ဗိန္နူ)

• ရခိုင်တို့သည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်သည့်လူမျိုးများဖြစ်ကြသည်။ ကြတ္တိကာနက္ခတ်သည် စပါးပင်၊ မြေများ၏လက္ခဏာကိုဆောင်သည်။ (တစ်ချိုကျမ်း၌ ကြင်ခုနစ်ကောင်ဟုဆိုသည်)။ ကြတ္တိကာ နက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးရိတ်သိမ်းခြင်းတို့ကို ပြုလုပ်ကြသည်။ ရခိုင်ပြည်နယ်သည် ကြတ္တိကာနက္ခတ်နှင့် လျော်ညီစွာ စပါးစိုက်ပျိုးရေးကို အဓိကပြု၍ သက်မွေး ၀မ်းကျောင်းဆောင်ရွက်ရသော ပြည်နယ်တစ်ခုဖြစ်လေသည်။ ယင်းကြောင့် ရခိုင်ပြည်နယ်၏ အသက်သွေးခဲဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာသဘောကိုဆောင်ထားခြင်းဖြစ်ပါသည်။



ခြူးပန်း

• ခြူးပန်းသည် အမြင့်မြတ်ဆုံးသော ပန်းတစ်မျိုးတွင် ပါဝင်သည်။ ခြူးပန်း မှာ အပင်မှ ပွင့်သော ပန်းမျိုးမဟုတ်ပေ။ ခြူးကောင်ဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဓာကိုယ်လက်မှ ပေါက်ရောက်နေသော အမွှေးအမှင်တို့၏ ပုံသဏ္ဍာန်တွင် အခွေခွေအလိပ်လိပ်ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍ ပန်းချီပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ ထီးဆောင်န်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက်၊ ပန်းခွေ၊ ပန်းလိပ်၊ ပန်းနွယ်များ ထုလုပ်ရာတွင် သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်။ ပန်းခက်တို့၏ အလယ်တွင် ခြူးကောင်များထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟုခေါ်သည်။ ခြူးကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံးဝဖျက်စီးခြင်းမဟရှိ၊ သူတို့သွားရာတွင် အမွေးအမှင်များ တစ်ခုနှင့်တစ်ခုထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင် မြည်သည်။ ယင်းကြောင့် ဆွဲလည်းငယ်များကို ခြူးငယ်ဟူ၍ခေါ်သည်။ မင်္ဂလာရှိသော၊ တေးသံသာ သောအသံတို့ကို သရုပ်ဆောင်ထားသည်။ ၄င်းတို့သည် ကာမဆန္ဒတရား၌ တစ်သက်လျှင် တစ်ကြိမ်သာမှီဝဲခြင်းရှိသည်။ သူတစ်ပါးအမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္မစရိယာ သိက္ခာပုဒ်ကိုစောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မုဒိန်းတန္တမကျူးလွန်ကြစေရန် သရုပ်ဆောင်ထားခြင်းဖြစ်ပါသည်။

ဤ သီရိဝစ္ဆတစ်ခုလုံး၏ သဘောတရားမှာ သစ္စာဓမ္မရှိခြင်း၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံများပွားများစေခြင်း အလင်းနှင့်အမှောင်အကျိုးနှင့်အပြစ်တရားတို့ကို ဆင်ခြင်နိုင်စေခြင်း၊ မိမိတို့ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျော်ညီစွာတစည်းတစ်လုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါ်များတိုးတက်စေနိုင်သော သင်္ကေတ သဘောများကို သရုပ်ဖော်ဆောင်ထားပါသည်။ 



ရခိုင်ပြည်နယ်အလံ

ရခိုင်ပြည်နယ်အလံ

ရခိုင်ပြည်နယ်အလံ၏ အရောင် အဆင်းမှာ အဖြူရောင်ထက်ဝက်နှင့် အနီရောင်ထက်ဝက်ဖြစ်သည်။ အပေါ်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီး အောက်ပိုင်းထက်ဝက်မှာ အနီရောင်ဖြစ်သည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အပေါ်ပိုင်း အရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သော စိတ်ဓာတ်ရှိခြင်း၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်သော စိတ်ဓာတ်ရှိခြင်းနှင့် ဖြူစင်တည်ကြည်စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်းတို့ကို ဖော်ဆောင်သည်။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်သော သတ္တိနှင့် ခိုင်ခန့်တည်ကြည်သော ဇာတိသွေး၊ ဇာတိမာန်ရှိခြင်းတို့ကိုအဓိပ္ပါယ်ဆောင်ပါသည်။

အလယ်ဗဟိုတွင် ရခိုင်လူမျိုးတို့၏ သိရိဝစ္ဆ ပါရှိသည်။



Sunday, April 28, 2013

ရခိုင်ပြည်နယ်၏ မြစ်၊ ချောင်းများ

ရခိုင်ပြည်နယ်၌ ထင်ရှားသောမြစ်များမာ နတ်မြစ်၊ မယူမြစ် (မေယုမြစ်)၊ ကုလားတန်မြစ်နန့် လေးမြို့မြစ်များဖြစ်ကြသည်။ ၄င်းအပြင် ရခိုင်ပြည်နယ်၏တောင်ဖက်၌ ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ ကလိန်တောင်မြစ်၊ တောင်ကုတ်မြစ်၊ သူဌေးချောင်း၊ ဂွချောင်းစသည်များ ဟိကြသည်။ရခိုင်ပြည်၏ မြောက်ပိုင်းဟိမြစ်များသည် မြောက်ဖက်တောင်တန်းများမှ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်လျှက်ဟိကြပြီး၊ ရှည်လျားသည်။ ရခိုင်ပြည် တောင်ပိုင်းဟိမြစ်များမှာ အရှိတောင်ဖက်ဟိ တောင်တန်းများမှ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်ကြသည်။ မြစ်များမှာ ဖြားအတက်အကျဟိသော မြစ်များဖြစ်ပြီး မြစ်ဝပိုင်တွင်ရီငန်၍ မြစ်အညာ (အထက်)တွင် ရီချိုကြသည်။

နတ်မြစ်။ ။နတ်မြစ်သည် မောင်တောမြို့နယ်၌ဟိသည်။ မြန်မာနိုင်ငံနန့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံရို့အား ပိုင်းခြားထားရေ နယ်စပ်မြစ်ဖြစ်သည်။ မြောက်ဖက် နယ်စပ်တောင်ကုန်းများမှ စီးဆင်းလာပြီး တောင်ဖက်တွင် မောင်တောမြို့အနီး၌ ဘင်္ဂလားပင်လယ်အော်သို့စီးဝင်သည်။ မိုင် (၅၀)ခန့်ရှည်လျားပြီး မြစ်အဝပိုင်းတွင် (၁) မိုင်ခွဲခန့်ကျယ်ပြန့်သည်။ နယ်စက်ကုန်သွယ်သင်္ဘောနန့် ဘုတ်တိဝင်ထွက်ရာ မြစ်ဖြစ်သည်။

နတ်မြစ်အတွင်းသို့ ပြူးမချောင်း၊ ငါးခူရချောင်း၊ ကညင်ချောင်းနှင့် မောင်တောချောင်းရို့ စီဝင်လျက်ဟိကြသည်။ မင်္ဂလာကြီးတောင်တန်းမှထွက်ဟိသော ဝါး၊ ကြိမ်နှင့် သစ်များကို ပြူးမချောင်းမှတစ်ဆင့် မျှော၍ထုတ်ယူနိုင်ကြသည်။ နွီရာသီမြစ်အညာ (အထက်)အထိ ရီငန်တက်ပြီး မိုးရာသီတွင် ရီချိုသည်။ မြစ်ကမ်းများတွင် ရီငန်ပဇွန်မွီးမြူးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။


မယူမြစ်။ ။ဤမြစ်ကို အဂုအခါ မေယုမြစ်ဟုလည်းခေါ်ကြသည်။ ဘူးသီးတောင်မြို့အနီးမှ စီးဆင်းလာသော ကုလားပန်းဇင်းချောင်းနန့် စိုင်းဒင်ချောင်းရို့ပေါင်းဆုံ၍ စစ်တွေမြို့အနီးက၌ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။ (၈၅) မိုင်ခန့်ရှည်လျားပြီး ဘူးသီးတောင်မြို့နယ်နန့် ရသေ့တောင်မြို့နယ်များကို ဖြတ်၍ စီးဆင်းသည်။ မြစ်ဝပိုင်းတွင် ရီငန်၍ မြစ်အညာ (အထက်)တွင် ရီချိုသည်။ မြစ်အညာ (အထက်)ပိုင်းတွင် ကျယ်ပြန့်သောလွင်ပြင်များဟိ၍ ဆန်စပါးစိုက်ပျိုးကြသည်။ မြစ်ဝပိုင်းနီရာများတွင် ရီငန်ပဇွန်မွီးမြူးရေးကို လုပ်ကိုင်ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ သြရမတောင်တန်းမှ မြစ်ဖျားခံ၍ စီးဆင်းလာသော တောဖျားချောင်းသည် မိုးစီမြစ်နှင့်ပေါင်းဆုံပြီး ကြွီတဲမြစ်အမည်ဖြင့် စီးဆင်းကာ စစ်တွေမြို့အနီး၌ မေယုဖြစ်သို့ အရှိဖက်မှစီဝင်သည်။

ကုလားတန်မြစ်။ ။ရခိုင်ပြည်နယ်၏ အရှည်ဆုံးနန့် အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ်ဖြစ်သည်။ ဤမြစ်သည် ပေ(၈၀၀၀)ခန့်မြင့်သော ချင်းပြည်နယ် လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချင်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံ စီးဆင်းလာသည်။ ဘွိုင်နု(ဘွေနု)၊ တီမိ၊ ထရောဘာ (တီအိုရီဗာ) စရေမြစ်များ ပေါင်းဆုံစီးဆင်းခခြင်းဖြစ်သည်။

ချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ(တီအိုရီဘာ)အမည်ဖြင့်စီးဆင်းလာခသော ဤမြစ်မှာ အိန္ဒိယနိုင်ငံနန့် မြန်မာနိုင်ငံရို့၏ နယ်ခြားမြစ်လည်းဖြစ်သည်။ ဤမြစ်သည် ချင်းပြည်နယ်ကိုဖြတ်၍ တောင်ဖက်သို့စီးဆင်းလာရာ ချင်းပြည်နယ်ဖလန်းမြို့ အနောက်ဖက်ယွန်းယွန်းအရောက်တွင် တီအိုရီဗာမှ ဘွေနုအမည်ဖြင့် အိန္ဒိယနိုင်ငံသို့စီးဝင်ခသည်။ အိန္ဒိယနိုင်နယ်စပ်မှ ဘင်္ဂလားပင်အော်အရောက် မိုင်ပေါင်း (၁၄၀၀)ခန့်ကျယ်ပြန့်ရေ မြီနုလွင်ပြင်များဟိသည်။ မြစ်၏အထွက်ပိုင်း၊ အလယ်ပိုင်းနန့် အောက်ပိုင်းရို့တွင် စပါး၊ မြီပဲ၊ ဆီးရွက်ကြီး၊ ငရုတ်၊ နီကြာစစွာတိကို စိုက်ပျိုးကြသည်။

ကုလားတန်မြစ်အတွင်းသို့ ကလက်ချောင်း၊ မီးချောင်း၊ မီချောင်း၊ ယိုးချောင်း၊ သရီချောင်း၊ ဟင်းခရောမြစ်၊ ကျွဲကူးမြစ်ရို့စီးဝင်လျှက်ဟိကြသည်။ စစ်တွေမြို့အနီး၌ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။

ကလက်ချောင်း။ ။ ကလက်ချောင်းသည် ပလက်ဝအထက်ပိုင်းတွင်ဟိ၍ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံရို့နန့် နယ်ခြားချောင်းဖြစ်ပြီး ကုလားတန်မြစ်သို့ စီးဝင်လျှက်ဟိသည်။

ပီချောင်း။ ။ ပီချောင်းမှာ ကျောက်တော်မြို့အထက်နားတွင် ကုလားတန်မြစ်သို့ စီးဝင်လျက်ဟိသည်။ ရီချိုအရပ်များဖြစ်၍ မြီသြဇာကောင်းမွန်သော မြီနုလွင်ပြင်များဟိသည်။

သရီချောင်း။ ။ သရီချောင်းသည် ကျောက်တော်မြို့နယ် အရှိဖက်တောင်တန်းများမှ မြစ်ဖျားခံစီးဆင်းလာပြီး မြစ်အောက်ပိုင်းတနီရာတွင် မြောက်ဦးမြို့နယ် တောင်ကုန်းများမှ မြစ်ဖျားခံစီးဆင်းလာသော ရမ်းချောင်းနှင့် ပေါင်းဆုံကာ၊ သဲတက်ကျေးရွာအနီး ကုလားတန်မြစ်အတွင်းသို့ အရှိဖက်ခြမ်းမှ စီးဝင်သည်။

ဤသရီချောင်းလွင်ပြင်မှာ မြီသြဇာထက်သန်ကောင်းမွန်၍ စပါး၊ ငရုတ်၊ မုံညင်း၊ နီကြာ၊ မြီပဲများစိုက်ပျိုးကြသည်။ သရီချောင်းဖျားတွင် ထင်းရှားသော မဟာမြတ်မုနိဟိသည်။

ယိုးချောင်း။ ။ ယိုးချောင်းသည် သရက်ချိုကျေးရွားအနီးတွင် ကုလားတန်မြစ်သို့ အနောက်ဖက်မှ စီးဝင်သည်။ မြစ်ဝမှ မိုင်(၇၀)ခန့်ရှည်လျားသည်။ မြစ်ဝတွင်ရီငန်၍ မြစ်ညာ (မြစ်အထက်ပိုင်း)တွင် ရီချိုသည်။ ယိုးချောင်းဖျားတွင် တန်းတင်ဟုခေါ်သော ရီတံခွန်ချေတခုဟိသည်။ ရီအားလျှပ်စစ်ထုတ်ယူရန် မဏာမလေ့လာမှုများ ပြုလုပ်လျှက်ဟိသည်။

ဟင်းခရော်မြစ်။ ။ ပုဏ္ဏားကျွန်းမြို့၏ အရှိဖက်မှ ကုလားတန်မြစ်သို့ စီးဝင်သည်။ မြောက်ဦးမြို့သို့ လားရောက်နိုင်သောဖြစ်ကြောင်းဖြစ်သည်။ ရှိရခိုင် ဘုရင်များလက်ထက်က စက်လှီ၊ ကုတင်လှီ နန့် သင်္ဘောတိ ဝင်ထွက်ရာ အဓိကကျသော မြစ်ကြောင်းလည်းဖြစ်သည်။

ကျွဲကူးမြစ်။ ။ စစ်တွေမြို့၏ အရှိဖက်မှ ကုလားတန်ဖြစ်သို့ စီးဝင်သည်။ မြစ်ဝတွင် ဖရုံဂါကျွန်း (၃) ကျွန်းကို ဖြစ်ပေါ်စီပြီး ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။ စစ်တွေမှ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူမြို့များသို့ ဆက်သွယ်လားလာနိုင်သော ကုန်းတွင်းပိုင်း ရီကြောင်းလမ်းလည်းဖြစ်သည်။

လေးမြို့မြစ်။ ။ ဤမြစ်သည် (၁၄၄) မိုင် ရှည်လျားပြီး (၅၅၅၀)ပေ မြင့်သော ချင်းတောင်တန်းမှ မြစ်ဖျားခံ၍ တောင်ဖက်သို့ စီးဆင်းလာသည်။ မြစ်အထက်ပိုင်းမှ မင်းပြားမြို့အထိ လေးမြို့မြစ်ဟု အမည်တွင်ပြီး မင်းပြားမြို့အနီးအတွင် ရာမောင်မြစ်အမည်ဖြင့် တောင်ဖက်သို့စီးဆင်းကာ မြေပုံအနီးတွင် မင်းကြောင်းအမည်ဖြင့် ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။

မြစ်ညာအရပ်(မြစ်အထက်ဖက်) သည်ရီချို၍ လိမ္မော်၊ ရှောက်ချို၊ ကျွဲကော၊ သံပရာ၊ ဥယျာဉ်စိုက်ခင်းများ၊ ကွမ်းသီးချင်းများကို စိုက်ပျိုးလျက်ဟိကြသည်။

ဒလက်ချောင်း။ ။ရခိုင်ရိုးမ၏ (၄၇၉၃) ပေမြင့်သော တောင်ကုန်းမှ မြစ်ဖျားခံစီဆင်းကာ မြစ်အောက်ပိုင်းတွင် မြစ်မွှာများစွာခွဲ၍ ကောင်တာမီယာပင်လယ်သို့ စီးဝင်သည်။ မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်ကိုဖြတ်၍ စီးဆင်းသည်။ ဒလက်ရေဝေမှ ကြိမ်နှင့် ဝါးများ ထုတ်ယူရာ အဓိကရီလမ်းဖြစ်သည်။

အမ်းချောင်း။ ။ အမ်းချောင်းသည် ရိုးမတောင်မှ မြစ်ဖျားခံ၍ မြောက်ဖက်သို့စီးဆင်းသည်။ မြစ်ဝတွင် မြစ်ဖျားများစွာဖြင့် နောင်တော်ပင်လယ် (ကောင်တာမီယာပင်လယ်) သို့စီးဝင်သည်။ အမ်းမြို့သို့လားရာ ရီလမ်းကြောင်းဖြစ်ပြီး မိုင် (၅၀) ခန့်ရှည်လျားသည်။

ကလန်တောင်မြစ်။ ။ကလန်တောင်မြစ်သည် ရိုးမတောင်မှ မြစ်ဖျားခံကာ ရမ်းဗြဲ့ကျွန်းနှင့် ရိုးမတောင်ခြီအကြား မြောက်မှတောင်သို့ စီးဝင်သည်။ အလျားမိုင် (၃၀) ခန့်ဟိပြီး မြစ်ဝမှာ (၁၅) မိုင်ခန့်ကျယ်သည်။ မြစ်ဝတွင် စကုကျွန်းဟိပြီး၊ မာန်အောင်ရီလက်ကြားသို့ စီးဝင်သည်။ တောင်ကုန်မြစ်သို့လားလျှင် ဤမြစ်ကိုဖြတ်၍လားရသည်။

မအီချောင်း၊ တန်းလွဲ(တန်းရွဲ)ချောင်း၊ လမူးချောင်းရို့သည် အရှိဖက်မှ ကလန်တောင်မြစ်သို့ စီးဝင်လျှက်ဟိသည်။

ကျောက်ဖြူမြစ်၊ မဒဲမြစ်၊ ပဒေါင်းကွေ့ (ပဒေါင်းကွဲ)မြစ်နှင့် သံဇိတ်မြစ်။ ။ မြစ်ဟုဆိုသော်လည်း ရမ်းဗြဲ့ကျွန်းနှင့် မရဇိုင်းကျွန်း (မြို့ချောင်း) အကြားတွင်ဟိသော ရီလက်ကြားဖြစ်သည်။ ကျောက်ဖြူမြစ်မှာ ကျောက်ဖြူမြို့အနီးမှ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။ မြစ်ဝပိုင်းမှ ရီလက်ကြားအတွင်းသို့ မိုင်(၂၀)ခန့် ရှည်လျားပြီး အလွန်နက်သော ရီကြောင်းဟိကာ အနက်ပေ(၅၀)မှ (၁၂၀)ထိဟိသော ရီလက်ကြားဖြစ်သည်။ ဤမြစ်မှ အရှိဖက်သို့ဆက်၍ မဒဲမြစ်၊ ပဒေါင်းကွေ့(ပဒေါင်းကွဲ) မြစ်နှင့် သံဇိတ်မြစ်များအမည်ဖြင့် ကလိမ်တောင်မြစ်သို့ စီးဝင်သည်။ ကျောက်ဖြူမှ တောင်ကုတ်သို့လားရာ ရီလမ်းကြောင်းလည်းဖြစ်သည်။

သတဲချောင်း။ ။ သူဌေးချောင်းဟုလည်းခေါ်သည်။ ရခိုင်ရိုးမဟိ ပန်းတောင်းငယ်တောင်မှ မြစ်ဖျားခံစီးဆင်းကာ အရှည်မိုင် (၆၀) ခန့်ဟိသည်။ မြစ်ဝပိုင်းထိသာ လောင်း၊ လှီ၊ မော်တော်၊ ဘုတ်တိ လားလာနိုင်ပြီး အထက်ပိုင်းတွင် သူဌေးချောင်းရီအားလျှပ်စစ် စီမံကိန်းကို ဆောင်ရွက်လျက်ဟိသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းဟိ မြစ်များမှာ အလျားမိုင်(၂၀)မှ (၅၀)ထိသာ ရှည်လျားပြီး မြစ်ဝပိုင်းဒေသတိတွင်သာ မော်တော်ဘုတ်ချေတိ၊ လှီသမ္ဗာန်ချေများဖြင့် လားလာနိုင်ကြသည်။ ရခိုင်ပြည်နယ် တောင်ပိုင်းတွင် သံတွဲမြစ်၊ စကုချောင်း၊ ကျိန္တလီချောင်း၊ ဆတ်သွားချောင်း၊ ရွာချောင်း၊ သစ်တောက်ချောင်းရို့ ဟိကြသော်လည်း များစွာအသုံးဝင်ခြင်းမဟိပေ။

by Arakan Research Centre
ဝန်ခံချက်။ ။ မောင်ကောက်စံ (ပြည်ရခိုင်) ရွီးရေ “ယနေ့ ရခိုင်ပြည်နယ် (လူမှုစီးပွားပထဝင်)” ပထမအကြိမ်၊ ၂၀၀၈ ခုနှစ်၊ စာအုပ်မှထုတ်နှုတ်ဖော်ပြလိုက်ပါရေ။

ရခိုင်ပြည်နယ်၏ မြစ်၊ ချောင်းများ





Related Posts Plugin for WordPress, Blogger...